မော်လမြိုင် ဒီဇင်ဘာ ၂၀
“တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်နှင့်အညီ မွန်ပြည်နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ယနေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေး ဒီဂရီ ကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေး ဌာနမှ ဆရာ၊ဆရာမများ၊ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ ပညာရေးသည် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျလို့ ပညာခေတ်မှာ ခေတ်မီအခြေခံပညာအထက်တန်းနဲ့ အဆင့်မြင့်ပညာတတ်မြောက်မှု နည်းပါးမှု နှင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ဒီမိုကရေစီစနစ်မှာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းအားဟာ အထူးအရေးကြီးလှပါကြောင်း၊ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်ဒေသတွေဟာ ပညာရေးအားနည်းခဲ့ပါကြောင်း၊ ပညာရေး အားနည်းချက်နဲ့အတူ တွေးခေါ်မြော်မြင်မှုမှာ လိုအပ်ချက်များ ရှိခဲ့ပါကြောင်း၊ ခေတ်စနစ်နဲ့အညီ အတွေးအခေါ်၊ အမြော်အမြင်များ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါကြောင်း၊ ကျောင်းပြင်ပ ပညာရေး (Non – Formal Education) ဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ထိုမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ Grade-5, Grade-9 စာမေးပွဲများကို စာမေးပွဲလုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ကျင်းပဆောင်ရွက် သွားရန်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် စုစည်းမှုအား ကောင်းကောင်းဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ လူငယ် စကားဝိုင်းများ၊ ဟောပြောပွဲများ ပြုလုပ်နိုင်ရေး၊ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေး အဖွဲ့များ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယာယီပိတ်ထားသည့် ကျောင်းများစာရင်း၊ လက်ရှိ နယ်မြေလုံခြုံရေးအရ ယာယီထပ်မံပိတ်ထားသည့်ကျောင်းများစာရင်း၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိရပ်ဖများမှ ကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် ယာယီလက်ခံသင်ကြားပေးရန် ကျောင်းများမှ မြို့နယ်၊ ခရိုင်၊ ပြည်နယ်သို့ အဆင့်ဆင့်တင်ပြဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာမြင့်က အကြုံပြုဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များက ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများသို့ Set Top Box အလုံးရေ (၈၅) လုံး ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)