ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦး စားသောက်ကုန်(Bakery)နှင့် ဝါးလက်မှုထည် သင်တန်းထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

နတ်တလင်း ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စားသောက်ကုန် (Bakery)နှင့် ဝါးလက်မှုထည် သင်တန်းထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားရာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုနည်းပညာအား လုပ်ငန်းထူထောင်သူများအတွက် အကျိုးရှိရှိ အသုံးပြုနိုင်ရေး သင်ကြားတတ်မြောက်ထားသည့် သင်တန်းသား/ သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး သင်တန်းထူးချွန်သူများအား ဝန်ကြီး ဦးတင်ဦး၊ တိုင်းအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ တိုင်းအဆင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး နေဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ စုစုပေါင်းအင်အား(၁၇၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)