ပခုက္ကူခရိုင်အတွင်းရှိ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်

ပခုက္ကူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယကဆရာတော်ကြီးများနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ပေးသည်။

အဆိုပါကျန်းမာရေးစစ်ဆေးမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်ညွှန်ကြားမှုဖြင့် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝေဝေဦး ဦးဆောင်၍ ဆေးပညာ၊ ခွဲစိတ်၊ မျက်စိ၊ အရိုး၊ ဓာတ်မှန်၊ ရောဂါဗေဒနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်အထူးကုဆရာဝန်ကြီးများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများ ပူးပေါင်းပြီး ပခုက္ကူခရိုင်အတွင်းရှိ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတစ်ပါး၊ နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးတစ်ပါး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးသုံးပါး၊ တိုင်းဒေသကြီးသံဃနာယက ဆရာတော်ကြီးသုံးပါး၊ စုစုပေါင်း ရှစ်ပါးတို့အား ကျန်းမာရေးဆိုင်ရာ အထွေထွေစမ်းသပ်ကုသပေးခြင်း၊ သွေးဖောက်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကုသပေးခြင်း၊ မျက်စိစမ်းသပ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ထိုသို့ကျန်းမာရေးစစ်ဆေးမှုအား ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)