ပန်းတောင်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀:၀၀)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကြိုတင်ကာကွယ်မှုလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောအယ်ထူးမှ ကတ္တရာလမ်းများဖောက်လုပ်မှုများနှင့် ရေရှည်တည်တံခိုင်မာမှုရှိစေရန် ဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်မှ မြို့နယ်အတွင်းရေမြောင်းတည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးအရာရှိ ဦးစောမြင့်ဦးက မြို့နယ်အတွင်း တိရစ္ဆာန်များ မွေးမြူထားရှိမှုနှင့်သားစပ်မှုအခြေအနေများ၊ ကူးစက်ရောဂါကာကွယ်မှုလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွဋ်မှ ကျောင်းများဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့်တက်ရောက်လျက်ရှိသော ကျောင်းသား/သူဦးရေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေနှင်းဦးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးရွာတွင်း ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု သင်တန်းများနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းမှ မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် မျိုးကောင်း၊ မျိုးသန့်များရရှိရန် စနစ်တကျ စိုက်ပျိုးနည်းစနစ်များအကြောင်း တင်ပြခဲ့ပြီး ကျန်ရှိနေသော ဌာနများမှလည်း မိမိတို့ဌာနနှင့်ပတ်သတ်သည့် လုပ်ငန်းဆောင်တာများ၊ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)