ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ စျေးကော်မတီဝင်များက မြို့မစျေးကြီးအတွင်းရှိ စျေးဆိုင်များတွင် လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှုများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် မီးသတ်ဆေးဘူး၊ ရေလှောင်ကန်နှင့် စက်ပစ္စည်းများအရန်သင့်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစစ်ဆေးပေးခြင်းနှင့် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ဟောပြောပွဲများ ကျင်းပခြင်းစသည့်လုပ်ငန်းများကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း