ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားနိုင်ရေးအတွက်  သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများ တင်ပြသွားကြရန်ဆွေးနွေးမှာကြားခဲ့ပြီး  သက်ဆိုင်ရာဌာနများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ရာ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှု၊ နွေစပါးမြောင်းများ တူးဖော်ပြီးစီးမှု၊  စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေမှုများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုကဏ္ဍများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်ချက်များနှင့်အခက်အခဲများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ပြည်သူများတင်ပြလာသည့် အခက်အခဲများအား အပတ်စဥ် ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း