ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရွှေတောင် ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွန်မှာကြားချက်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီ ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက မယားမာန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၇၇) မယားမာန်ကွင်းအတွင်းရှိ လယ်မြေ (၁၀)ဧကအား ထွန်စက်မောင်းနှင်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကြီးကြပ်၍ ပဲတီစိမ်းစိုက်ပျိုးခြင်း၊ စိုက်ပျိုးရန်ကျန် လယ်မြေများအား မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီကြပ်မှုကော်မတီနှင့် မယားမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်မှုဖြင့် ပဲတီစိမ်းသီးနှံများ ဆက်လက်စိုက်ပျိုးစေရေး တောင်သူများအား တွေ့ဆုံညှိနှိုင်း ကြပ်မတ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် နွားခြံကုန်းကျေးရွာအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာ ကွင်းအမှတ် (၄၄၂)တွင် ရာသီပန်းမန်သီနှံနှင့် ဆောင်းသီးနှံစိုက်ဧကများ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်မြို့နယ်၊ မိန်းမရဲကျေးရွာရှိ ဆိုလာရေတင်စက်အား ကျွန်းတန်းရိုးကျေးရွာသို့ အမြန်ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်ရေး၊ ဆိုလာရေတင်စက်တပ်ဆင်မည့် နေရာအား ဒေသခံတောင်သူများဖြင့် စိစစ်ရွေးချယ်သတ်မှတ်ခြင်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ် လမ်းညွန်မှာကြားချက်များအပေါ် ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးကြီကြပ်မှုကော်မတီက မြေပြင်ကွင်းဆင်း အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)