(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မော်လိုက် ဒီဇင်ဘာ  ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများကို အကဲဖြတ်ဒိုင်များ စနစ်တကျဖွဲ့စည်းဆောင်ရန်၊ ပျော်ပွဲရွှင်ပွဲများတွင် လိုက်ထိုက်တန်စွာ ဆုများချီးမြှင့်၍ စည်းကားသိုက်မြိုက်စွာ ဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမည့် အစီအစဉ်များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)