ပုသိမ် ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ လဝက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက စာမတတ်သူပပျောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုများ အချိန်မီပေးသွင်းဆောင်ရွက်ရေး၊ ဆောင်းသီးနှံနေကြာ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ မိမိရပ်ကွက်အတွင်းရှိ လမ်းများအား အမှိုက်ကင်းစင်မှုရှိစေရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်လင်းဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြင့်ဟန်(ပြန်/ဆက်)