မင်းလှမြို့နယ်တွင် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကာယစွမ်းရည်ပြိုင်ပွဲများတွင် မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ခေါင်းအုံးရွက်ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အင်္ကျီဝတ်အပြေးပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲစသည့် ပြိုင်ပွဲ(၁၂)ပွဲတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ကာယစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် သားငယ်၊ သမီးငယ်  လေးများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးစိုးခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မင်းလှမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါကာယစွမ်းရည်ပြိုင်ပွဲများ၌ မင်းလှမူလတန်းကြိုကျောင်းတွင် တက်ရောက်နေသော သားငယ်၊ သမီးငယ် (၇၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)