မုဒုံ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင် ဟင်းသီးဟင်းရွက်သီးနှံ ၂၃၇၈ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၂၃၇၈ ဧကကို ဒီဇင်ဘာ ပထမပတ်တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ ယင်းသို့စိုက်ပျိုးမှု အခက်အခဲမရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့၊ စျေးကွက်ဝင်သီးနှံ၊ စိုက်ပျိုးမှုနည်းပညာနှင့် အခြားပံ့ပိုးမှုများကို သီးနှံများမစိုက်ပျိုးမီ စိုက်ပျိုးရေးဦးစီးဌာနက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်း၊ ကန်စွန်း၊ ကြက်ဟင်းခါး၊ ပဲတောင့်ရှည်၊ ချဥ်ပေါင်၊ ရုံးပတီသီး၊ နံနံပင်၊ မုံညှင်း၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ဘူးသီး၊ သခွား၊ ပြောင်းဖူး၊ ကိုက်လန် စသည့်သီးနှံများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းစေရန်၊ ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန်၊ သီးနှံများ ပျက်စီးလေလွင့်မှုမရှိစေရန် ပြန်လည်ဆွတ်ခူးသည့်အချိန်အထိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ခင်းများအရောက် ကွင်းဆင်းပြီး တောင်သူအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)