ပေါက်ခေါင်းမြို့၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း ဒီဇင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့မ‌ဈေးကြီးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ကျန်းမာရေးဌာန ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မဈေးကြီးအတွင်း အသား၊ ငါး ရောင်းချနေသည့် ဆိုင်များတွင် အေးခဲအသားများ ရောင်းချမှုရှိ/မရှိနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များတွင်  စားသုံးဆီနှင့် အချိုရည်ဗူးများတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း‌ ဖော်ပြခြင်း ရှိ/မရှိ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး၊ အဆိုပါတားမြစ်ထားသည့် စားသောက်ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)