ခေတ်မီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မိုင်းစိတ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာအသိပညာပေး သင်တန်းဖွင့်လှစ်

နမ့်စန်() ဒီဇင်ဘာ ၂၀

ခေတ်မီစံပြကျေးရွာ(Smart Village)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးတို့က သင်တန်းဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ဇော်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်တို့ကို ရည်ရွယ်၍ အဆိုပါ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ ၃ ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ မိုင်းစိတ်ကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် မွေးမြူရေးဆိုင်ရာ အသိပညာပေးအပြင် ဘက်စုံသုံးပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ သမဝါယမအသင်းအဖွဲ့လုပ်ထုံးလုပ်နည်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မီးဘေးအန္တရာယ် အသိပညာပေးဆိုင်ရာများကို သက်ဆိုင်ရာဌာနအကြီးအကဲများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မိုင်းစိတ်ကျေးရွာမှ ကျေးရွာနေပြည်သူ ၂၅၀ ဦးကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သူရအောင်(နမ့်စန်)