ကျောင်းကုန်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောင်းကုန်း ဒီဇင်ဘာ ၁၉

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် ရပ်ကွက်/ ကျေးရွာ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မအားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။       

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အလေးပြုခံစင်မြင့်တွင် နေရာယူပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ ဘောလုံးအားကစားသမား များက အလေးပြုခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဒီလိုအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးရခြင်းမှာ နိုင်ငံတော်နဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သလို နိုင်ငံတော်မူဝါဒဖြစ်တဲ့ "တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရမည်" ဆိုသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းမှာရှိတဲ့ လူငယ်လူရွယ်များ၊ ကျောင်းသားလူငယ်များ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ဘောလုံးအားကစားသမားများက သစ္စာအဓိဌာန် (၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ပန်းပွားအကနှင့် Fitness Dance အဖွဲ့မှ ကပြ ဖျော်ဖြေခဲ့ကြပြီး ကွင်းဖွင့်ပွဲတွင် အမှတ်(၃)ရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ်(၂)ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗိုလ်လု ပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဦးစီး ကျင်းပရေး ကော်မတီထံက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)