ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ပြုလုပ်

သထုံ ဒီဇင်ဘာ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားအား ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင့်သီတာဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါမောက္ခချုပ်က မောင်မယ်သစ်လွင်များအနေဖြင့် စီနီယာအစ်ကိုအစ်မများထံ လေ့လာသင်ယူကာ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ယင်းနောက် စတုတ္ထနှစ် ကျောင်းသားတစ်ဦးက (၂၀၂၃-၂၀၂၄)ပညာသင်နှစ်မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ပထမနှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ကထိက ဌာနမှူးများက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့ နှစ်အလိုက် ထူးချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတို့မှ ဆုရ ကျောင်းသူ၊ ကျောင်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါကြိုဆိုပွဲတွင် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့်ဖျော်ဖြေခြင်း၊ King & Queen ရွေးချယ်ချီးမြှင့်ခြင်း၊ ကံစမ်းမဲများ ဖွင့်ဖောက်ပေးခြင်းတို့ကို တစ်ပျော်တစ်ပါး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)