မော်လမြိုင် ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် “အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိက မကူးစက်နိုင်သော ရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ခြင်း အခြေခံ ကုထုံးလမ်းညွှန် ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်များမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းက မြန်မာနိုင်ငံ၏ မကူးစက်နိုင်သော ရောဂါများ၏ လက်ရှိအခြေအနေ၊ သင်တန်း၏ရည်ရွယ်ချက်၊ မကူးစက်နိုင်သောရောဂါများ ရှာဖွေ စစ်ဆေးကုသခြင်းလုပ်ငန်းများ၏ အရေးပါမှု၊ ကိုယ်ခန္ဓာထုညွှန်းကိန်း BMI တွက်ချက်ခြင်း၊ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေတွက်ချက်ခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြော ရောဂါ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေး ခြင်း၊ပန်းနာရင်ကြပ်နှင့်နာတာရှည်လေပြွန်ရောဂါ ရှာဖွေစစ်ဆေးခြင်းနှင့်ကုသခြင်း၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ခံတွင်းကင်ဆာ ရှာဖွေစစ်ဆေးခြင်းနှင့် ညွှန်းပို့ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်းသုံးစွဲမှုအန္တရာယ် လူနာများအား ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်း၊ သွေးတိုး၊ ဆီးချိုလူနာများအတွက် အထူးအကြံပေးခြင်းများ အကြောင်းစသည့်တိုကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ ကျော်ကံကောင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူး၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုသင်တန်းကို (၁၉-၁၂-၂၀၂၃)ရက်နေ့မှ (၂၁-၁၂-၂၀၂၃)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ပံ့ပိုးမှုဖြင့် မြို့နယ်အဆင့် ဆရာဖြစ် ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)