ကျိုက်လတ် ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်စုစုစံနှင့် မြနှင်းရည်ရှိန်တို့ မြန်မာပြန်ရေးသားသည့် “အရာအားလုံးကို ပြောင်းလဲစေသော အားပေးမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်အေးအေးသိန်းက “တစ်စုံတစ်ယောက်ကို အားပေးပါ” ဆောင်းပါး၊ Book Club အဖွဲ့ဝင်ဒေါ်ယဥ်လှက ‘’မျှော်လင့်ချက်ကို မပျောက်ဆုံးစေပါနှင့်” ဆောင်းပါးနှင့် Book Club အဖွဲ့ဝင် ဦးအေးမြင့်က “အနီးအနားလူကစပြီးကူညီပါ”ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်