ညောင်ဦး ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိ သမိုင်းအထင်ကရဘုရားများကို ဖူးမြော်ပြီး ရှင်အဇ္ဇဂေါဏ ဘုရားမြောက်ဘက် တစ်ဖာလုံခန့်အကွာ ထိလုကုန်းဂူဘုရားအတွင်းရှိ ထိုင်တော်မူ ဆင်းတုတော်အားဖူးမြော်ပြီး နံရံပန်းချီနှင့် ကျောက်စာချပ်ကို လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။
ထိလုကုန်းဂူဘုရားသည် ရှင်အဇ္ဇဂေါဏဘုရားအရှေ့ဘက်တံတိုင်းမှ မြောက်ဘက် တစ်ဖာလုံခန့် အကွာတွင် တည်ရှိပြီး ဂူဘုရားအတွင်းတွင် သက္ကရာဇ် ၆၄၀ ခုနှစ်ကရေးထိုး ကျောက်စာတစ်ချပ် ရှိပြီး အဆိုပါကျောက်စာတွင် ဤဂူဘုရားငယ်တည်ရာအရပ်က မဟာသမန်းကြီးကျောင်းမြောက် ထိလုကုန်းအရပ်ဖြစ်ကြောင်း၊ သက္ကရာဇ် ၆၄၀ တွင် ပိဋကတ် သုံးပုံတတ်မြောက်ပြီး သင်္သကရိုက် ဗျာကရိုဏ်း ဟုရားသမားအမှုလည်းတတ်သော စတူရင်္ဂဗိဇယ်မည်သော အမတ်ကြီးနှင့် ဉိရင်သမီး၊ ကြံမဖတ်မင်းသမီး ဇနီးနှစ်ယောက်နှင့်အတူ ကျောင်းတည်ဆောက်ထားကြောင်း ကျောက်စာတွင် ရေးထိုးထားသည်ကို လေ့လာဖတ်ရှု နိုင်သည်။ ထိုကျောက်စာသည် ပုဂံခေတ် ကျောက်စာများအနက် စိတ်ဝင်စားဖွယ်ကျောက်စာ တစ်ခုဖြစ်ခြင်းကြောင့် သွားရောက်လေ့လာနိုင်သည်။ ထိလုကုန်းဂူဘုရားသည် မြောက်ဘက်မုခ်လှည့် ဂူဘုရားတစ်ဆူဖြစ်ကာ ပလ္လင်တော်ပေါ်၌ ထိုင်တော်မူဆင်းတုတော်တစ်ဆူ ဖူးမြော်နိုင်ပြီး ဗောဓိပင်ပုံနံရံပန်းချီများ လေ့လာနိုင်သည်။
ထိလုကုန်းဂူဘုရားပတ်လည်တွင် မသူဇာဂူဘုရား၊ မောင်ရိုးဂူဘုရားနှင့် ရှင်အဇ္ဇဂေါဏ ဘုရားတို့ကိုလည်း တဆက်တစပ်တည်း ဖူးမြော်လေ့လာနိုင်ကြောင်းသိရသည်။
ဒီပါလင်း