ပန်းတောင်းမြို့နယ် ဆုတောင်းပြည့်နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

ပန်းတောင်း ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်၊ ပေါ်တော်မူရှင်ဖြူမြတ်စွာဘုရားကြီး၏ ပရဝုဏ်အတွင်း၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်မြေဘုံစျာန်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယအရှင်သူမြတ်ကြီးမှူး၍ (၇)ရက်သားသမီး အများကောင်းမှုဖြင့် စုပေါင်းတည်ထားကိုးကွယ်သော ပန်းတောင်းမြို့ ဆုတောင်းပြည့် နဂါးရုံဘုရား ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေက ဇာတင်လှူပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါပရဝုဏ်အတွင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်မြေဘုံစျာန်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အနုမောဒနာတရားတော်များ နာယူကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုနှင့် နဂါးရုံဘုရားဌာပနာတော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။

ဆက်လက်ပြီး အောင်မြေဘုံစျာန်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိဇယအရှင်သူမြတ် ဦးဆောင်ပြီး ဖိတ်ကြားထားသူများက နဂါးရုံဘုရား ဌာပနာတော်ပစ္စည်းများ ပင့်ဆောင်၍ နဂါးရုံဘုရားအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကာ ဌာပနာတော်သွင်းမင်္ဂလာနှင့် ဘုရားအနေကဇာတင် လှူပူဇော်ခြင်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီးနောက် အောင်မြေဘုံစျာန်ကျောင်းဆရာတော်နှင့် တာဝန်ရှိသူများက နဂါးရုံဘုရား တည်ထားကိုးကွယ်ခြင်းအထိမ်းအမှတ် ကဗျည်းမော်ကွန်းအား အမွေးနံ့သာရေများ ပက်ဖျန်း၍ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

လပြည့်လင်း(ပြန်/ဆက်)