ဂန့်ဂေါ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ယခင်အခါက စပါးရိတ်သိမ်းရာ၌ လူအားဖြင့် ရိတ်သိမ်းခဲ့ကြသော်လည်း ယခုအခါတွင် တွင်ကျယ်မှုပို၍ ကုန်ကျစရိတ်သက်သာသည့် စပါးရိတ်စက်ကို အသုံးပြုလာကြကြောင်း သိရသည်။
စပါးရိတ်စက်ကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ “လူအားဖြင့်ရိတ်တဲ့အခါ တစ်ဧကမှာ ၁၅ ယောက် လောက်ရိတ်မှ တစ်ရက်အတွင်းပြီးပါတယ်၊ စက်အားနဲ့ရိတ်သိမ်းတဲ့အခါ တစ်နာရီဝန်းကျင်အတွင်းပြီးပါတယ်၊ လူတစ်ယောက်တစ်ရက်လုပ်အားခက ၁ သောင်းကျပ်ပေးရပါတယ်၊ စက်ငှားတော့ တစ်ဧကအတွက် (၁၂၀၀၀၀)ကျပ် ပေးရပါတယ်၊ ဒီနှစ်က စက်သုံးဆီဈေးတက်လို့ တစ်သိန်းနှစ်သောင်းကျပ်ပေးရတာ၊ ယခင်နှစ်ကတော့ ၈ သောင်းကျပ်ပေးရပါတယ်၊ ကုန်ကျစရိတ်ကကုန်ကျတာခြင်း တူနေရင်တောင် တွင်ကျယ်မှုမြန်ဆန်လို့ စက်ကိုအသုံးများလာကြတာဖြစ်ပါတယ်”ဟု ကျောတိုက်ရပ်ကွက်မှ လယ်သမားကြီး ဦးကုလားက ပြောသည်။
လူနှင့်စပါးရိတ်သည့်အခါတွင် ကောက်ရိုးသိမ်းဆည်းရလွယ်ကူပြီး စက်နှင့်ရိတ်သည့်အခါ ကောက်ရိုးသိမ်းဆည်းရ အခက်အခဲဖြစ်မှုရှိကြောင်းနှင့် တိရိစ္ဆာန်အစားအစာအတွက် ကောက်ရိုး လိုအပ်ချက်များလည်းရှိနေရာ လူအားဖြင့်လည်း ရိတ်သိမ်းနေရဆဲဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)