စလင်း ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချသုံးစွဲမှု လျော့နည်းသက်သာစေရန် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အသုံးပြုနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငှက်ပျောဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ ဒီဇင်ဘာနံနက် (၈)နာရီမှ (၉)နာရီအချိန်အတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့များပါဝင်သော အင်အား (၁၁)ဦးဖြင့် ငှက်ပျောဖက်များ ဖြန့်ဝေခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိညာပေး(Campaign)များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ မြို့မစျေးကြီးအဝင် ဆိုင်းပုတ်ရှေ့နှင့် စျေးအတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့် အသီးအရွက် ငါးရောင်းချသည့် စျေးဆိုင်ခန်းများအား ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေ၍ ထုပ်ပိုးရာတွင် ပလတ်စတစ်အစား မြို့နယ်မှထွက်ရှိသည့် ကြာဖက်၊ ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချရန်၊ ပလတ်စတစ်အိတ်များ အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိစေနိုင်၍ မသုံးစွဲကြရန် ဟောပြောခြင်းများပြုလုပ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စျေးအတွင်း ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေ (Campaign) ပြုလုပ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
မောင်လွင်