မုံရွာ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ကုတင်၂၀၀ဆံ့ သားဖွား မီးယပ်နှင့်ကလေးအထူးကုဆေးရုံကြီးတွင် မိန်းကလေး သုံးမွှာပူးမွေးဖွားခဲ့သည့် မိခင်အား တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အဖွဲ့၀င်များ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ငွေ၊ အာဟာရအတွက် အစားအစာနှင့် kit တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေက သုံးမွှာပူးမွေးဖွားသည့် မိခင်ဒေါ်နှင်းဦးအား ထောက်ပံ့ငွေကျပ်တစ်သိန်း၊ အာဟာရအတွက် အစားအစာနှင့် kit တစ်အိတ်တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က မိခင်နှင့်ကလေးအတွက် ဆုငွေကျပ်ငါးသိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။
အဆိုပါ သုံးမွှာပူးကလေးများမှာ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ အုန်းတင်ကျေးရွာမှ ဦးမြို့နိုင် +ဒေါ်နှင်းဦးတို့၏ သမီးငယ်များဖြစ်ပြီး မုံရွာမြို့၊ ကုတင် ၂၀၀ ဆံ့ သားဖွားမီးယပ်နှင့် ကလေးအထူးကုဆေးရုံကြီး၌ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သုံးမွှာပူးမိန်းကလေးများကို အောင်မြင်စွာမွေးဖွားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)