(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ရခိုင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ ဒီဇင်ဘာ ၁၈

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ရခိုင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုနှစ်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ(၁)ရပ်နှင့် လုပ်ငန်းကော်မတီများ (၁၀)ရပ်ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ရာကော်မတီများတွင် တာဝန်ပေးအပ်ခြင်းခံရသည့် ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများအနေဖြင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများအပြင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားများကျင်းပရာမှာ အခြားသော အခမ်းအနားများနှင့်မတူခြင်းကြောင့် အပိုင်းလိုက်ခွဲခြား ကျင်းပဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များအဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးရန်မှာကြားလိုကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ခမ်းခမ်းနားနားသိုက်သိုက်ဝန်းဝန်းနှင့် အေးချမ်းစွာကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး မလိုလားအပ်သော ဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေးအတွက် စနစ်တကျစီမံဆောင်ရွက်သွားကြရန်ပြောကြားသည်။

ယင်းနောက်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးဦးစိုးဝင်းက ရှင်းလင်းတင်ပြပြီး လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ ယခင်နှစ်ဆောင်ရွက်ခဲ့သည့် အခမ်းအနားများ၏ အားသာချက်/အားနည်းချက်များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးမှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ကျင်းပသည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ခံတံတားကို အသုံးပြုကာ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးသုံးပစ္စည်းများကို အတင်အချပြုရာတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် စစ်တွေမြို့၊ အခြေစိုက်အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်နှင့်တာဝန်ရှိသူများကိုကျေးဇူးတင်ကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံပြီး ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပြည်ပပို့ကုန်များ၊ သွင်းကုန်များကို ယခုဘက်စုံသုံးဆိပ်ကမ်းအား အသုံးပြုကာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ဘက်စုံသုံးဆိပ်ကမ်းနှင့်ပတ်သက်၍ လိုအပ်သည့်အကူအညီများရှိပါကလည်း ဆွေးနွေးပေးစေလိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စားရေရိက္ခာပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် စစ်တွေမြို့ အခြေစိုက်အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ရုံး၊ Arkitechno Consaltant(India) PV 7 Ltd၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိပ်ခံတံတား၊ A to  Z Exim Ltd ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းဆိပ်တံတားမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံးမှ Consulate General of India, Mr. Bibekananda Bhattamishra က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)