အိမ်မဲ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများကဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက မြို့နယ်အတွင်းစိုက်ပျိုးရေး ဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆောင်ရွက်ရမည့်အစီအမံများ၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မြို့နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည့်အကြောင်းအရာများကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သွင်စိုးက လူကုန်ကူးခြင်းဆိုင်ရာအကြောင်းအရာများ၊ မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းရေးဆောင်ရွက်ကြသလို ကျေးရွာများတွင်လည်း စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်သောကြောင့် လမ်းများပြင်ဆင်ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ကျေးရွာများတွင် ဘာသာရေး ပွဲများ၊ လူမှုရေးပွဲများ ပြုလုပ်ပါက သက်ဆိုင်ရာကိုခွင့်ပြုမိန့်တင်ကြရန်တို့ကိုအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မိမိတို့ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)