ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကဝ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင်ဦးအောင်ကျော်က စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်းစာအုပ်မှ စဉ်းစားခြင်းဆိုတာဘာလဲ”အမှာစကားထဲမှ သိလိုသောအရာ(သို့မဟုတ်) ပြဿနာအတွက် အဖြေရှာခြင်းသည် စဉ်းစားခြင်း၏ အဓိကအလုပ်ဖြစ်ကြောင်း၊ စဉ်းစားခြင်းသည် ဦးနှောက်၏အလုပ် တစ်နည်းအားဖြင့် စိတ်အလုပ်ဖြစ်ကြောင်း၊ စဉ်းစားခြင်းဆိုတာ ဦးတည်ချက်တစ်စုံတစ်ရာနှင့် လုပ်ကိုင်နေသည့် ဦးနှောက်အလုပ်မျိုးကိုခေါ်ကြောင်း၊ ဦးတည်ချက်ဆိုတာ တစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ အမေးပုစ္ဆာတစ်ခု(သို့မဟုတ်)အဖြေရချင်တာတွေကို ခွဲခြမ်းစိစစ်ဆင်ခြင်ပြီး သဘောပေါက်နားလည်အောင် အားထုတ်ခြင်း၊ စိတ်ကူးခြင်း၊ ကြံဆခြင်း၊ ဖြေရှင်းသည့်နည်းလမ်းကြောင့် သက်ရောက်ဖြစ်ပေါ်နိုင်သည့် ရလဒ်များကို ကြိုတင်မှန်းဆပြီး အကြောင်းအကျိုး အကောင်းအဆိုးကို ချင့်ချိန်ဆင်ခြင်နိုင်ကြောင်း၊ ဦးနှောက်မချို့ယွင်းသော လူတိုင်းမှာ စဉ်းစားဝေဖန်တတ်သော ဉာဏ်အခြေခံပါလာပြီးသားဖြစ်သည်ဟု ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသူများက မိမိတို့သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)