မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၃) ဆင်းပွဲ ကျင်းပ

မုံရွာ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာ (၃/၂၀၂၃)သင်တန်း ဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မုံရွာခရိုင် စီမံအုပ်ချုပ်ခွင့်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ကွန်ပျူတာ အခြေခံသင်တန်းများကို မုံရွာမြို့မှာ ဖွင့်လှစ်ပေးလျက်ရှိရာမှာ ပြီးခဲ့ပြီဖြစ်တဲ့ သင်တန်း နှစ်ကြိမ်မှာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀)ဦး နှင့် ယခုအကြိမ်မှာ (၂၀)ဦး၊ စုစုပေါင်း သင်တန်းသား (၆၀)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီ ဖြစ်တာမို့ များစွာ ဝမ်းမြောက်မိပါကြောင်း မိမိတို့ မုံရွာခရိုင်အတွင်း ကွန်ပျူတာနည်းပညာ ဘာသာရပ်များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြပြီး နည်းပညာဘက်မှာလည်း ကျွမ်းကျွမ်း ကျင်ကျင်၊ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြမှာဖြစ်ပါကြောင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရရှိခဲ့တဲ့ ကွန်ပျူတာ ပညာရပ်တွေကို အသုံးချကာ မိမိဘဝ တိုးတက်ဖို့၊ မိမိဌာနမှာ အသုံးတည့်တဲ့ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး ဒေါ်ခင်စောလင်းက သင်တန်းများဖွင့်လှစ်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများနှင့်အတူ မုံရွာစီးပွားရေးတက္ကသိုလ်မှ သင်တန်းနည်းပြဆရာ ()ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီး လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)