ပုသိမ် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းက မီးသတ်ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် စိတ်ဓာတ်ကြံခိုင်ဖို့သည် လွန်စွာမှ အရေးကြီးကြောင်း၊ ယခုမျက်မှောက်ခေတ်ကာလတွင် ကမ္ဘာတဝှမ်း သဘာဝဘေးအန္တရာယ်များ နေရာအနှံ ဖြစ်ပေါ်လျက်ရှိရာ ဘေးအန္တရာယ်မဖြစ်ပေါ်မီ ကာလကတည်းက ကြိုတင်လေ့ကျင့်ခြင်းများ ဆောင်ရွက်ထားကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်းကို ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သင်ကြား ရခြင်းဖြစ်ကြောင်း၊ ယခင်မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဖြစ်ပွားခဲ့စဥ်အချိန်ကာလက ဧရာဝတီတိုင်းကိုယ်စားပြု ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကာ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သဖြင့် ဂုဏ်ပြုခြင်းများ ခံခဲ့ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးနည်းစနစ် ကျွမ်းကျင်မှုသင်တန်းသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ရုံးမှ သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ ပုသိမ်ခရိုင်နှင့်မြို့နယ်ရုံးများမှ သန္ဓေတပ်ဖွဲ့ဝင်(၄၀)ဦး၊ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပြီး (၁၈.၁၂.၂၀၂၃) ရက်နေ့မှ (၁၂.၁.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)