ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အုတ်ဖိုမြို့နယ်ရှိ စားဖိုဆောင်သီးနှံစိုက်ခင်းအား ဝင်ရောက်ကြည့်ရှု

အုတ်ဖို ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျွန်းကုန်းအုပ်စုကွင်းအမှတ်(၈၁၆) ဦးပိုင်(၂၅)တောင်သူဦးအောင်ဝင်း၏ စားဖိုဆောင်သီးနှံစိုက်ခင်း(၆)ဧကအား ယနေ့ ၁၂ နာရီအချိန်က ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မင်း၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုဝင်းနှင့်ဌာနဆိုင်ရာများမှကြိုဆိုခဲ့ပြီး ဝန်ကြီးချုပ်မှ စားဖိုဆောင်သီးနှံစိုက်ခင်းများ စိုက်ပျိုးရေးရရှိရေး လင်းလွန်းပင်ချောင်းမှ မြောင်းသွယ်ပြီး ရေရရှိရေးဆောင်ရွက်သွားရန်၊ ရေမြောင်းဖောက်ရာတွင် သီးနှံစိုက်တောင်သူအချင်းချင်း မြောင်းနေရာအတွက် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ရန်၊ ချောင်းရေဖြင့်စိုက်ပျိုးရာ၌ အခက်အခဲရှိလျှင် စိုက်ကွင်းအတွင်း စက်ရေတွင်းတူးပေးမည်ဖြစ်ကြောင်း၊ လက်ရှိစိုက်ဧကထက် ပိုစိုက်ပျိုးရန် လမ်းညွှန်ခဲ့ကြောင်းနှင့် ဒေါ်ချိုချိုဝင်းမှ လင်းလွန်းပင်ချောင်းဘေးတစ်လျှောက်စားဖိုဆောင်သီးနှံ စိုက်ဧက(၁၅၀)ခန့်ရှိကြောင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

အောင်သူ(အုတ်ဖို)