ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ သရုပ်ပြဆောင်ရွက်

ဘိုကလေး ဒီဇင်ဘာ ၁၈

မြို့နယ်တွင်းမီးဘေးအန္တရာယ်ကင်းဝင်းစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ (၁၇) ရက် နေ့လယ်ပိုင်းအချိန်တွင် ဘိုကလေးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောမှုနှင့်အတူ မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲနှင့် သရုပ်ပြခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားအား ကြီးမှူးကျင်းပသည့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကျောင်းသား/သူများအနေဖြင့် ယခုဟောပြောပွဲမှရရှိသော မီးဘေးလုံခြုံရေး အသိပညာများအား မိမိတို့ကိုယ်တိုင် ဂရုတစိုက် လိုက်နာကျင့်ကြံပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် မိသားစုအား ပြန်လည်မျှဝေပေးရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦထွန်းအောင်က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနည်းလမ်းများအား အကျယ်တဝင့် ဟောပြောအသိပညာပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ကြသူများအား ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများအား မီးငြိမ်းသတ်နည်းများ၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ယာဉ်ဖြင့် အအေးပေးစနစ်အသုံးပြုကာ မီးငြိမ်းသတ်ပုံတို့အား သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)