သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် ခြေတစ်လှမ်း၏ထွက်ပေါက်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သံဖြူဇရပ် ဒီဇင်ဘာ ၁၈

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာလောကသစ္စာရေးသားသော" သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် ခြေတစ်လှမ်း၏ထွက်ပေါက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက စာပေဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာလောကသစ္စာရေးသားသည် "သင့်ဘဝတိုးတက်အောင်မြင်ရေးအတွက် ခြေတစ်လှမ်း၏ထွက်ပေါက်" စာအုပ်ပါ ဘဝမှာမလုပ်သင့်သောအရာများ၊ ငယ်ရွယ်တဲ့အချိန်၊ သူ့နေရာနဲ့သူစသည့် အကြောင်းအရာများကို Youth Club အဖွဲ့ဝင် ဒေါ်သင်းသင်းယုက ဖတ်ကြားဆွေးနွေးပြီး ဆန္ဒကိုသိက္ခာတရားနဲ့ထိန်းပါ၊ မိတ်ဆွေကောင်းဆိုတာ၊ နေတတ်အောင်နေခြင်းစသည့် အကြောင်းအရာကို စာပေချစ်မြတ်နိုးသူ ဒေါ်ဝါဝါလှိုင်က ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် စိတ်ချမ်းသာပျော်ရွှင်မှု၊ ကိုယ်ကျင့်တရား၊ ရိုးဂုဏ်ဖြင့်ဘဝကိုပုံဖော်ထုဆစ်ပါစသည့် အကြောင်းအရာများကို ဒေါ်အေးအေးသန်းက ဖတ်ကြားဆွေးနွေးပြီး၊ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ်စာပေဝါသနာရှင်များ စာဖတ်သည့်အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့်အသိဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)