မုဒုံမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်သည့် ရော်ဘာအဖူးကူး သင်တန်းဖွင့်လှစ်ပေး

မုဒုံ ဒီဇင်ဘာ ၁၈

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်သော ရော်ဘာအဖူးကူးနည်းသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးငြိမ်းချမ်းကျော်က အမှာစကားပြောကြားပြီး မုဒုံမြို့နယ်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးဝင်းချိုက မသန်စွမ်းသူများအခွင့်အရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)တာဝန်ခံက ရော်ဘာပျိုးထောင်ရန်အတွက် မျိုးစေ့ရွေးချယ်တတ်စေရန်၊ ကိုယ်ပွားတည်ထောင်ခြင်းနှင့် မျိုးကိုင်းမွေးမြူတတ်စေရန်၊ ရော်ဘာအဖူးကူးခြင်းနှင့် အဖူးကူးပျိုးပင်များအား ပြုစုထိန်းသိမ်းတတ်စေပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာစေရန်အတွက် သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၃)ဦးနှင့်ဝန်ထမ်းများက ပျိုးခင်းမြေနေရာရွေးချယ်ခြင်းနှင့် မြေပြုပြင်ခြင်း၊ မျိုးစေ့စုဆောင်းခြင်းနှင့်အစို့ဖောက်ခြင်း၊ အစို့ဖောက်ဘောင်ပြုလုပ်ခြင်း၊ ကိုင်းပွားခင်းတည်ထောင်ထိန်းသိမ်းခြင်းနှင့် ကိုင်းမွေးမြူခြင်း၊ အဖူးကူးခြင်း၊ အဖူးလှီးခြင်း၊ အဖူးကူးပျိုးပင်များအား ပြုစုထိန်းသိမ်းခြင်းနည်းပညာများကို ငါးရက်ကြာစာတွေ့လက်တွေ့သင်ကြာပေးသွားမည်ဖြစ်ရာ သင်တန်းသား ၁၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)