မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသံမစဲဥပ္ပါတသန္တိကျမ်း ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ တက်ရောက်ကြည်ညို

မော်လမြိုင် ဒီဇင်ဘာ ၁၈

၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော အသံမစဲဥပ္ပါတသန္တိကျမ်း ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်သလ္လံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့သည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများအား ပင့်ဖိတ်၍ မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ သီရိမင်္ဂလာဒေါ်လန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တဉာဏုတ္တရမထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်(ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)ဘဒ္ဒန္တသာသနမထေရ်မြတ်ထံမှ ဩဝါဒကထာနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဃာတော်အရှင်သူမြတ်များ ဥပ္ပါတသန္တိကျမ်းပါဠိတော်ရွတ်ဖတ်ပူဇော်နေမှုကို ကြည်ညိုခဲ့ကြသည်။

အဆိုပါ အသံမစဲဥပ္ပါတသန္တိကျမ်းပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ၁၈ ရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)