ရွှေကျင် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်ရှိ ရွှေကျင်မူလတန်းကြိုကျောင်းတွင် ကလေးငယ်များအား အာဟာရဖြည့်စွက်စာ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွန့်ညွန့်ဌေးက ကလေးငယ်များအား အာဟာရဖြည့်စွက်စာ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ မြို့နယ်အမျိုးသမီရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ထမ်းများပူပေါင်းကာ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးတင်မိုးဝင်းနှင့် ဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ပေးခြင်း၊ လက်ဆေးနည်းနှင့် သွားများကို စနစ်တကျ သွားတိုက်နည်းများကို သင်ကြားပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ရွှေကျင်မူလတန်းကြိုကျောင်းရှိ ကလေးငယ် (၁၀၀)ဦးအား အာဟာရဖြည့်စွက်စာဖြစ်သည့် ပဲနို့နှင့် ကိတ်မှုန့်တို့အား တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)