ဒေးဒရဲ ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးနေလျက်ရှိသည့် လုပ်ငန်းများအား ဟောပြောခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဝီလျှံမျိုးက လူကုန်ကူးမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် လူကုန်ကူးမှုပပျောက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနေမှုလုပ်ငန်းများကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း