ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးပေါ်ချိန် စပါးတင်းတစ်ရာ ငွေကျပ်သိန်း ၂၀ ကျော်ထိ ဈေးကောင်းရ

 

ပေါက်ခေါင်း   ဒီဇင်ဘာ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများသည် ဆောင်သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းရိတ်သိမ်းလျက်ရှိရာ ယခုနှစ်မိုးစပါးပေါ်ချိန် မှော်ဘီဆန်းစပါးမျိုး တင်းတစ်ရာ ငွေကျပ် ၂၀၆၀၀၀  အထိ စျေး‌ကောင်းရရှိပြီး အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းမှာရှိသော တောင်သူများအနေဖြင့် ဆောင်းသီးနှံ မတ်ပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် မိုးစပါးကို နိုဝင်ဘာလအတွင်းမှာ အပြီးရိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ယခုအခါတွင် ဆောင်းသီးနှံမတ်ပဲအားလုံး စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ မိုးစပါးစိုက်တောင်သူတွေ ယခင်နှစ်ကထက် စျေးကောင်းရရှိသော်လည်း သွင်းအားစုများ၊ ဓာတ်မြေဩဇာဈေးနှုန်းမှာလည်း ဈေးနှုန်းမြင့်မားစွာ ဝယ်ယူအသုံးပြုခဲ့ရကြောင်းနှင့် ယမန်နေ့အထိ မိုးစပါးပေါက်ဈေးမှာ မှော်ဘီဆန်း စပါးတင်းတစ်ရာလျှင် ငွေကျပ် ၂၀၆၀၀၀  စျေးနဲ့ရောင်းချရကြောင်းနှင့် တစ်ဧကပျှမ်းမျှ  ၇၅ တင်း အထိထွက်ရှိကြောင်း ဒေသခံတောင်သူများထံမှသိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံဖြိုးတိုးတက်စေရန်အတွက် မိုးစပါးသီးနှံ (၄၆၇၅၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)