ပြည် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပသည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါဆွေးနွေးပွဲကို လာမည့် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် Grade-12 (သင်ရိုးသစ်)တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားတွင် ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမ ၁၃၁၂ ဦးနှင့် ပြည်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးနည်းပြ ၁၆ ဦးအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁၃၂ သိန်း ၈ သောင်းကျပ်ကို တိုင်းခွဲပညာရေးမှူး ဦးတင်ယုထံပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးနည်းပြများနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်၊ သာယာဝတီနှင့် နတ်တလင်းခရိုင်အတွင်း မြို့နယ်များမှ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ်ကြီးများနှင့် အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)