ပုသိမ် ဒီဇင်ဘာ ၁၇
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှားအားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သေနတ်ပစ်ဖောက်၍ စုပေါင်းလမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီးအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းသို့ ရောက်ရှိကာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၅၀၀၀) ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ ကိုးသိန်းမိုးလုံလေလုံအားကစားကွင်း၌ ပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့် အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည့် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲ အခမ်းအနားအား တက်ရောက်ခဲ့သည်။
အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ အရှိုချင်းလူမျိုးများသည် ရှေးယခင်အချိန်မှစပြီး တောင်ယာလုပ်ငန်း၊ အမဲလိုက်ခြင်းလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး တောင်ယာနှင့်ပတ်သက်သော ပွဲတော်များအနက် "ကောက်သစ်စားပွဲ" သည် အရှိုချင်းတို့၏ အဓိကကျသော ပွဲတော်တစ်ခုပင် ဖြစ်ပါကြောင်း၊ အရှိုချင်းတို့၏ ကောက်သစ်စားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြပြီး ကောက်သစ်စားပွဲအား အရှိုဘာသာစကားဖြင့် "စောင်ထာအေဘွေ" ဟုခေါ်ဆိုကြသည်ကိုလည်း သိရှိရပါကြောင်း၊ အရှိုချင်းတို့၏ ကောက်သစ်စားပွဲကို စပါးပင်များ ရင့်သန်လာသည့် “နတ်တော်လ” အချိန်တွင် ကျင်းပလေ့ရှိသည်ကို မှတ်သားသိရှိရပါကြောင်း၊ ချင်းတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကောင်းမြတ်သော ဓလေ့ထုံးတမ်း အစဉ်အလာများကို ဘိုးဘွားများ လက်ဆင့်ကမ်းထိန်းသိမ်း လာသကဲ့သို့ ချင်းတိုင်းရင်းသား မောင်မယ်များကိုလည်း လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့အား ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ တိုင်းရင်းသားပြည်သူ လူထု၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ဒေသတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတို့သည်များစွာ တိုးတက်ဖြစ်ထွန်းလာခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်နေလူဦးရေ (၇၀) ရာခိုင်နှုန်းကျော်ရှိသဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်ချိန်တွင် ကျေးလက်နှင့် မြို့ပြ ကွာခြားချက်များ အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် လိုအပ်သည့်အတွက် ကျေးလက်နေပြည်သူများ ဘဝတိုးတက်အောင် စဉ်းစားဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့မှသာ မိမိတို့တိုင်းပြည်ရေရှည်အကျိုး စီးပွားများ ဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိဒေသ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အမွေအနှစ်များ၊ ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် မိမိဒေသအတွင်းရှိ ပြည်သူလူထုသာမက နိုင်ငံသားတိုင်းအားလုံး တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကိုတက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ရင်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ တိုင်းဒေသကြီး၏အကျိုး၊ ပြည်ထောင်စု၏အကျိုးတို့ကို ထာဝစဉ်သယ်ပိုးနိုင်ပါစေကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကောက်သစ်စားပွဲအား ကျင်းပဆောင်ရွက်နိုင်ခြင်းသည် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် နယ်မြေဒေသ၏ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှုများကြောင့်လည်း ဖြစ်ပါကြောင်း၊ မိမိတို့ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှီတင်နေထိုင်ကြသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသားစာပေသင်ကြားရေး၊ တိုင်းရင်းသားရိုးရာ ဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား အစဥ်အလာမပြတ် ကျင်းပနိုင်စေရေး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား (၈) မျိုးလုံး စုပေါင်းနေထိုင်ကြပြီး နေထိုင်မှုအများဆုံး တိုင်းရင်းသားများမှာ ဗမာ၊ ကရင်၊ ရခိုင်နှင့်ချင်း တိုင်းရင်းသားများဖြစ်ကြပါကြောင်း၊ တိုင်းရင်းသား လူမျိုးများစွာဖြင့် စုစည်းနေထိုင်လျက်ရှိသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့မှာလည်း မည်မျှအရေးကြီးကြောင်း သမိုင်းကပြသလျက်ရှိသည့်အတွက် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံးသည် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကိုဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန်” နှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ဆုတောင်းမေတ္တာများပို့သခဲ့ပြီး အတွင်းရေးမှူးက ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ချင်းတိုင်းရင်းသူများ၏ တေးသီချင်းများ၊ ရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဒေသခံချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ နေ့လယ်စာများ အတူတကွသုံးဆောင်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာ၌ တောင်သူဦးဇော်ခိုင်၏ စိုက်ဧက (၀.၅၀) ဧကတွင် ဆင်းရွှေကြာ-၂ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ မြန်အောင်ခရိုင်အတွင်း နေကြာစိုက်ပျိုးထားရှိမှုနှင့် မိုးနေကြာဖြစ်ထွန်းအောင်မြင်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး ဆီဖူလုံစေရေးအတွက် နေကြာအပါအဝင်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနေမှုအခြေအနေများ၊ သီးထပ်စွမ်းအားမြှင့်တင်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများအား မြေလွတ်မြေလပ်များမကျန်ရှိစေရေး စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးအေးထွန်း၏ စိုက်ဧက (၀.၅၀) ဧက ဆင်းရွှေကြာ-၂ မိုးနေကြာစိုက်ခင်းနှင့် တောင်သူဦးကြည်ညွန့်၏ စိုက်ဧက (၁.၅၀) ဧက၌ ဆင်းရွှေကြာ-၂ မိုးနေကြာစိုက်ခင်းတို့၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ စနစ်တကျရိတ်သိမ်းစေရေးမှာ ကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)