ပုသိမ် ဒီဇင်ဘာ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယမန်နေ့မွန်းလွဲပိုင်းက အောင်ဇေယျအားကစားခန်းမ၌ တွေ့ဆုံခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူ ထုတ်ပြန်အတည်ပြုပြီးပါက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအားကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပြောင်းပေးမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအားကျင်းပသည့်အခါ အချိုးကျကိုယ်စားပြုစနစ်ကို သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်သည့် နိုင်ငံဖြစ်သောကြောင့် နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်ရန်နှင့် အခွင့်အရေးကိုရယူရန်အတွက် လူမျိုးတိုင်းပါတီတိုင်းအနေဖြင့် ပါဝင်ခွင့်ရရှိစေရန် အချိုးကျကိုယ်စားပြုစနစ်ကို ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်အား စုပေါင်းခေါင်းဆောင်မှုဖြင့်သာ သွားရမည်ဖြစ်ပါကြောင်း၊ လူမျိုးတိုင်း ပါတီတိုင်းသည် နိုင်ငံတော်ကိုခေါင်းဆောင်သည့်အခါ ကိုယ်စီတာဝန်ယူ၍ စုပေါင်းခေါင်းဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် အသိပညာချို့တဲ့ခြင်း၊ ဆင်ခြင်တုံတရားနည်းပါးခြင်းကြောင့် ဖြစ်ပါကြောင်း၊ အသိပညာချို့တဲ့ခြင်းကြောင့် နိုင်ငံတော်မှပညာရေးကို အစွမ်းကုန်မြှင့်တင် ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းပြည်တွင် ပညာတတ်များပေါများစေရန်နှင့် ပညာတတ်များဖြင့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်ရန်အတွက် နိုင်ငံ့ခေါင်းဆောင်မည့် လူတော်လူကောင်းများ၊ တိုင်းပြည်အပေါ်စေတနာရှိသည့် သဘောထားပြည့်ဝသည့် ခေါင်းဆောင်များကို ရွေးချယ်နိုင်မည်ဖြစ်ပါကြောင်း၊ နယ်မြေဒေသတစ်ခု အေးချမ်းတည်ငြိမ်မှုရှိသည့်အခါ နိုင်ငံတော်၏ ရည်မှန်းချက်များအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဆီဖူလုံရေးအတွက် နေကြာများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် တောင်သူများအား အသိပညာပေးခြင်း၊ နည်းပညာများပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့်လည်း ကိုယ်စီကိုယ်စီ ကိုယ့်တာဝန်ကျေပွန်၍ တိုင်းပြည်၏မျက်နှာ ပြည်သူ၏မျက်နှာကိုထောက်ထား၍ နိုင်ငံသားတစ်ဦး၏တာဝန်ကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနွေစပါးဧက (၅၂) သိန်းကျော် စိုက်ပျိုးလျက်ရှိ၍ စပါးတင်းသိန်းပေါင်း လေးထောင်ကျော်ထွက်ရှိပါကြောင်းနှင့် ဖူလုံမှုအနေဖြင့် (၃၄၈) ရာခိုင်နှုန်းဖူလုံမှုရှိပါကြောင်း၊ စပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရန်အတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် တစ်ဧက (၁၀) တင်းနှုန်း ပိုမိုထွက်ရှိစေရေး ရည်မှန်းချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်းအပြင်ဆီထွက်သီးနှံ (နေကြာ) ကိုလည်း အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ သီးနှံအထွက်တိုးရေး ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် တောင်သူကြီးများအား ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်၍လည်း ပေးထားသည့် ရည်မှန်းချက်များအား အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြန်အောင်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က နိုင်ငံစီးပွားမြှင့်တင်ရေး နွေစပါးစီမံကိန်း သွင်းအားစုများအား မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ တောင်သူများထံသို့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ဒေသဖွံဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအနက်မှ မြန်အောင်မြို့နယ်၌ မီးလင်းရေးလုပ်ငန်းအတွက် ကျေးရွာအုပ်စုများသို့ ဆိုလာမီးများ ဆက်လက်ထောက်ပံ့ပေးအပ်ရာ ညောင်ဝိုင်းကျေးရွာအုပ်စုမှ လက်ခံရယူခဲ့ပြီး မြန်အောင်မြို့နယ်မှ တောင်သူဦးဝင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြန်အောင်မြို့ ပြည်သူ့ရင်ပြင်၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော မြန်အောင်ခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSMEs) ထုတ်ကုန်ပြပွဲ ပြခန်းများကို လှည့်လည်ကြည့်ရှု၍ မြန်အောင်ခရိုင်အတွင်း ဒေသထွက်ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရေး မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)