အမာ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်(၁)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပညာရည်ချွန်ဆုပေးပွဲတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ခြင်းဖြစ်ရာ အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ် ဆရာကြီး ဦးစံညွန့်က အဖွင့်အမှာစကားပြောကြားပြီး ဘဝသစ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအေးဟန်က ထပ်ဆင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူ များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူကလေးများက တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ ကြကြောင်း သိရသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းနှင့် ဌာန ဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)