မြင်းမူ ဒီဇင်ဘာလ ၁၆
အရင်းအနှီးကုန်ကျစရိတ် အလွန်နည်းပါးပြီး ဝင်ငွေပိုမိုရရှိသည့်အတွက် ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူများသည် ယခုအခါ တစ်ရှူးငှက်ပျောပင် စိုက်ပျိုးသူ များပြားလာကြောင်း စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများထံမှ သိရှိရသည်။
တစ်ရှူးငှက်ပျောစိုက်ပျိုးရာတွင် ရင်နှီးစိုက်ထုတ်ရသည့် ကုန်ကျစရိတ်အလွန်နည်းပါးပြီး လအနည်းငယ်အတွင်း ဝင်ငွေရရှိနိုင်ကြောင်း၊ ပင်ကြားတန်းကြား (၁၀)ပေစီထား စိုက်ပျိုးနိုင်ကြောင်း ငှက်ပျောအနေဖြင့် စိုစွတ်သောအနေအထားကို ကြိုက်နှစ်သက်သော်လည်း ရေဝတ်သောမြေကို မကြိုက်ကြောင်း၊ ငှက်ပျောစိုက်ပျိုးပြီး (၈)လအရွယ်ရောက်ပါက ပင်မအပင်ကြီးမှ ငှက်ပျောခိုင်များ ရရှိပြီဖြစ်ကာ အပင်မကြီး၏ ဘေးအတက်များမှလည်း နောက်ထပ်(၄)လအကြာတွင် ငှက်ပျောခိုင်များရရှိကြောင်း၊ အပင်ပွား(အတက်)များစွာရှိလာမည်ဖြစ်သော်လည်း သန်သောအပင်ပွားကိုသာ ထားရှိမွေးမြူရန်လိုအပ်ကြောင်း၊ ငှက်ပျောခိုင်ထွက်ရှိမှုအနေဖြင့် တစ်ခိုင်လျှင် ငှက်ပျောဖီး(၃၀) ပါရှိကာ တစ်ဖီးလျှင် အလုံး(၄၀)ပါရှိပြီး ဈေးနှုန်းအနေဖြင့် ငှက်ပျောတစ်ဖီးလျှင် ငွေကျပ်(၂၅၀၀)ဈေးရှိသည်ဖြစ်၍ ငှက်ပျောတစ်ခိုင်အဖီး (၃၀)ရောင်းပါက ငွေကျပ်(၇၅၀၀၀)ခန့်ရမည်ဖြစ်ကြောင်းနှင့် အရွက်ကိုပါ ရောင်းချရ၍ အပိုဝင်ငွေရရှိမည်ဖြစ်၍ မိမိတို့၏မြေနေရာလွတ်များတွင် စိုက်ပျိုးလုပ်ကိုင်နိုင်ကြောင်း၊ မြင်းမူမြို့တစ်ပင်ရွှေထီးရပ်တွင် တစ်ရှူးငှက်ပျောစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်အောင်ထံက သိရှိရသည်။
ငှက်ပျောစိုက်ရာတွင် သဘာဝမြေဩဇာ(နွားချေး)ကိုသာ ထည့်သွင်းစိုက်ပျိုးပြီး ဓါတုဆေးဝါး အသုံးပြုစိုက်ပျိုးခြင်း မဟုတ်သည့်အတွက် ဘေးထွက်ဆိုးကျိုး မရနိုင်သောကြောင့် စားသုံးသူများ များပြားလျှက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)