ထန်ပါခွေ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်းကာ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာ ဦးအောင်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဦးဟန်မျိုးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမိနိုင်ငံတော်ကအားထားရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဥာဏ်ပညာ၊ ဗဟုသုတကြွယ်ဝကာ အနာဂတ်တွင်ပွင့်လန်းမည့် ပန်းကောင်းလေးများဖြစ်ပေါ်လာစေရန်နှင့် စာပေကိုငယ်စဥ်ကပင် လေ့လာလိုက်စားတတ်စေရန်ရည်ရွယ်ကာ မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ကျင်းပလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဦးဟန်မျိုးထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Greade-10 နှင့် Greade-9 မှကျောင်းသား၊ ကျောင်းသူလေးများဖြစ်ကြသော မောင်ပါဟင်က ''လူငယ်နှင့်စာရိတ္တ'' ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မကြည်ရှန်က''လူငယ်နှင့်ပညာရေး''ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မကြောင်ထရန်က ''တန််ဆေးလွန်ဘေးမူးယစ်ဆေး'' ခေါင်းစဥ် ဖြင့်လည်းကောင်း၊ မောင်ကြူဆန်းထောင်က ''လူငယ်နှင့်ကျန်းမာရေး'' ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့ဦးစီးမှူးဦးဟန်မျိုးထွန်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
အလန် (ပြန်/ဆက်)