အင်္ဂပူ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ သိုက်တူးကွင်းကျေးရွာ၊ ကွင်းအမှတ်-၇၆၀၊ ဦးပိုင်အမှတ်(၁၃၂/၁၃၃)ရှိ တောင်သူဦးမျိုးညွန့်ဦး၏ လယ်ယာမြေတွင် ယမန်နေ့နံက ၂၀၂၃-၂၀၂၄ ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးမှုထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်သော်မြင့်နှင့်ဝန်ထမ်းများမှ ပိုက်ဆံလျှော်မျိုးစေ့များကြဲပက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပိုက်ဆံလျှော်စိုက်ပျိုးပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးမှလိုအပ်သည်များအားလမ်းညွှန်မှာခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးမှု(၂၄၀၀)ဧကစိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)