မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထု အားကစားလ (တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲနှင့် မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်း၊ ဦးခန္တီ View Point အနီး ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဒီဇင်ဘာ ၁၆

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက် လာနိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ်တွင် ဒီဇင်ဘာအားကစားလ (တတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့် ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်) နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့်  ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်း လျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်သူများသည် ရာမညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း အတွဲအမှတ် (၁) ၊ အတွဲအမှတ်(၂) ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းနှင့် Fitness Dance အကဖြင့် အတူတကွ  စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီ View Point အနီးပတ်ဝန်းကျင်ရှိ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်က မော်လမြိုင်မြိုနယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေလာရောက်သည့် နေရာဒေသဖြစ်ခြင်း၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာ စွာ လာရောက်ဖူး‌မျှော်သည့် စေတီ၊ ပုထိုးများစုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊‌ တောင်ရိုးတန်းလမ်းတစ်လျောက် ပတ်၀န်းကျင်သန့်ရှင်းသာယာလှပပြီး လေကောင်းလေသန့်များ ရှုရှိုက်ရာတွင် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေ ရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)