နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ ရခိုင်ပြည်နယ်ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

စစ်တွေ ဒီဇင်ဘာ ၁၆

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။

စုပေါင်းလမ်းလျှောက်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများက စတင်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ လမ်းလျှောက်ပွဲကိုပါဝင်ဆင်နွှဲကြသည်။

ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလစုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားကွင်းပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား(၆၀၀)ကျော်တို့ပါဝင် ဆင်နွှဲခဲ့ကြသည်။

အလားတူ လမ်းလျှောက်ပွဲအပြီးတွင် အားကစားပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ ဒီဇင်ဘာလတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း( ပြန်/ဆက်)