တိုင်းဒေသကြီးဝန်ကြီးချုပ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) မှ ကွင်းဆင်းကုသရေးအဖွဲ့အား တွေ့ဆုံအားပေး၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ တောင်သူများ တွေ့ဆုံပွဲ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကွင်းပိတ်စိုက်ပျိုးပ

ပုသိမ် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များ၌ ယခုလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းအခမဲ့ ကုသပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်တမ်းကောက်ယူခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်ပေးခဲ့သည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) မှ ကွင်းဆင်းကုသရေး အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့သည်။ အဆိုပါကုသရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်မြို့နယ်များရှိ ဒေသခံပြည်သူများအား သွားနှင့် ခံတွင်းအခမဲ့ကုသပေးခြင်း (၁၀၂၂) ဦး၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း (၁၉၅၂) ဉီး၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်တမ်းကောက်ယူခြင်း (၁၆၇၃) ဦး၊ သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေးခြင်း (၂၁၉၀) ဦးအား ကုသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာ၌  တောင်သူများတွေ့ဆုံပွဲ၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကွင်းပိတ်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လာမည့်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက (၂၇) သိန်းကျော်အား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်နိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီး၌ ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးခြင်းဖြင့်တောင်သူများ၏ လယ်ဧကများ၌ ဓာတ်မြေဩဇာလိုအပ်ချက်လျော့ချနိုင်ပြီး မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေ မည်ဖြစ်ပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧကတစ်သိန်းအား ပိုက်ဆံလျှော်များ ထည့်သွင်းစိုက်ပျိုးခဲ့ပြီး လာမည့်မိုးစပါးစိုက်ရာသီ ရေတော်မိုးတော်စိုက်ဧက (၂၇) သိန်းကျော်အား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက်  သက်ဆိုင်ရာမြို့နယ်အလိုက်  အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် အချိန်မီစိုက်ပျိုးနိုင်စေရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန် အောင်စိုက်ပျိုးရမည် ဖြစ်ပါကြောင်းနှင့် ရာသီမီအောင်စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူ များအား ကွင်းဆင်းကြပ်မတ် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်းအပြင်ဆီထွက်သီးနှံ (နေကြာ) ကိုလည်း အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် တောင်သူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယနေ့တွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ပျိုးခြင်းများအား ကွင်းပိတ်စိုက်ပျိုးပေးနိုင်ခဲ့ခြင်းဖြစ်၍ တောင်သူများ၊ ဌာနဆိုင်ရာများအား ကျေးဇူးတင်ရှိကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊  ဆီထွက်သီးနှံနေကြာစိုက်ပျိုးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကွင်းပိတ်စိုက်ပျိုးပွဲအား ဌာနဆိုင်ရာများက စုပေါင်းစိုက်ပျိုးပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ပုသိမ်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဆောင်းရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ဧက (၂၅၀၀)ဧကအား ကွင်းပိတ်စိုက်ပျိုး ပြီးစီးကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)