မော်လမြိုင် ဒီဇင်ဘာ ၁၆
မွန်ပြည်နယ်တွင် ကျောင်းသား/သူများ ကျောင်းနေပျော်၍ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မျက်စိအမြင်အာရုံစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း လျာထားချက်၏ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးလုပ်ငန်းများကို နှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုနောက်ပိုင်း တွင် စာသင်ကျောင်းအခြေပြု မျက်စိစစ်ဆေးခြင်းလုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက် လာသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူအားလုံးကို မျက်စိအမြင်အာရုံ ချို့ယွင်းမှု ရှိ/မရှိ၊ အဝေးကြည့်မှုန်ခြင်း ရှိ/မရှိ၊ အနီးကြည့်မှုန်ခြင်း ရှိ/မရှိတို့ကို အောက်တိုဘာလကုန်ထိ မူလတန်း ၂၂၉၁၇၉ ဦး၊ အလယ်တန်း ၄၇၈၂၂ဦး၊ အထက်တန်း ၁၇၉၃၆ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ကျောင်းသား/သူများ၏ ၇၀ ရာခိုင်နှုန်းလောက်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသား/သူများ၏ မျက်စိအမြင်အာရုံစစ်ဆေးချက်များအရ အဝေးအမြင်စွမ်းအား ၆၈ နှစ်အောက်လျော့သည့် ကျောင်းသား/သူများကို မျက်မှန်လိုအပ်မှုများ သိရှိစေရန်အတွက် မျက်မှန်ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းများဖြင့် စစ်ဆေးကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် မော်လမြိုင်အထွေထွေရောဂါကုဆေးရုံ ကြီးမှ ဆေးဘက်ကျွမ်းကျင် - ၂ (မျက်မှန်) တို့က စက်ကိရိယာများ အသုံးပြုပြီး ထပ်မံစစ်ဆေး ပေးလျက်ရှိသည်။
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်မှ မျက်စိအမြင်စွမ်းအား ၆၈ နှစ်အောက် ရောက်ရှိသူလျာထား ၆၅၂ ဦးမှ ၅၁၀ ဦး ကိုစစ်ဆေးပေးခဲ့ပြီး မျက်မှန်လိုအပ်သူ ၂၄၉ ဦးရှိကြောင်း၊ အဆိုပါ ကျောင်းသား/သူများမှ ၇၁ ဦးအား မျက်မှန်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသူများကို မိမိအစီအစဥ်ဖြင့် မဆောင်ရွက်နိုင်သည့် မျက်စိအမြင်အားနည်းသော ကျောင်းသား/သူများကို မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မျက်မှန်များကို ပံ့ပိုးထောက်ပံ့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
သားငယ် (မုဒုံ)