မုဒုံမြို့နယ်တွင် ဆောင်းရာသီ၌ ဆီထွက်သီးနှံ ၁၁၁၅ ဧက စိုက်ပျိုးမည်

မုဒုံ ဒီဇင်ဘာ ၁၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း ၁၁၁၅ ဧက စိုက် ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆီထွက်သီးနှံများ လျာထားချက်အတိုင်း ပြည့်မီစေရန်အတွက် တောင်သူများ စိုက်ပျိုးနိုင်ရန် လိုအပ်သည့်အကူအညီများကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြေသြဇာသုံးစွဲမှု စနစ်တကျဖြစ်စေရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် တောင်သူများအား အသိပညာပေးခြင်း၊ ဆွေးနွေးပွဲများနှင့် လိုအပ်သော စိုက်ပျိုးမှုနည်းပညာများကို ကျေးရွာများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆီထွက်သီးနှံများကို ဒီဇင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိပြီး မြေပဲ (၉) ဧက၊ နှမ်း(၆)ဧက၊ နေကြာ (၁၁၀၀) ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ အချိန်မီ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)