ကျောက်တံခါး ဒီဇင်ဘာလ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က အခြေခံပညာ အလယ်တန်း (ကံကလေး) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရေးနှင့် ဗလငါးတန်ပြည့်စုံစေရေးတို့အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ဆောင်ရွက်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်က ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က လူငယ်နှင့် လူမှုဆက်ဆံရေး၊ လူငယ်နှင့် ယဥ်ကျေးမှု၊ လူငယ်နှင့် မိမိကိုယ်ကို အားကိုးယုံကြည်မှု၊ လူငယ်နှင့် ပရဟိတစိတ်၊ လူငယ်နှင့် စာပေမြတ်နိုးစိတ်၊ လွတ်လပ်သောလူမျိုး၏ တန်ဖိုးအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြပြီး အခြေခံပညာအလယ်တန်း (ကံကလေး) ကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းအကျိုးဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများစုစုပေါင်း (၉၈) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)