မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

မိုးညို ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လူငယ်လူရွယ်များ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများစွာ ရရှိသည့်စာအုပ်စာပေများကိုသာ ဖတ်ရှု့ကြစေရန်၊ မိမိတို့ဖတ်ရှု့ထားသည့် စာအုပ်များထဲမှ အသိဗဟုသုတများကို အခြားသူများသို့ တစ်ဆင့်မျှဝေဆွေးနွေးတတ်စေရန် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးစံလင်းက “အောင်မြင်ခြင်းအတွက်တည်ဆောက်ယူခြင်း”၊ “လူငယ်နှင့်စူးစမ်းလေ့လာမှုများ” ခေါင်းစဥ်များဖြင့်ဖတ်ကြားပြီး Women Club အဖွဲ့ဝင် မသစ်သစ်ဦးနှင့်ဒေါ်ဖြူဖြူတို့က ခေါင်းစဥ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်၍  Youth Clubအဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းက “လူငယ်နှင့်အမြင်” ‌ခေါင်းစဉ်ဖြင့် ဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါစာအုပ်ကို ဖတ်ရှု့ခြင်းအားဖြင့် အကောင်းအဆိုး၊ အမှားအမှန်ကို ခွဲခြားသိမြင်ကာ ကောင်းကျိုးများကို အမှန်တကယ်ရရှိခံစားနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)