မအူပင် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ ငွေတာရာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးအေးက အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဆရာကြီးဦးကျော်ဦး (လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)မှ “အောင်မြင်လိုသောစိတ်”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း Grade 6,7,8,9 မှ ကျောင်းသား/ကျောင်းသူများ၊ ဆရာဆရာမများ တက်ရောက်ခဲ့ကြပြီး ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား တာဝန်ရှိသူများက ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)